ရည်းစားစာ (၂)
3:12 PM | Author: အိုင်လွယ်ပန်
ကျယ်ပြောနက်ရှိုင်းတယ် ဆိုရင်တောင်
ဒီပင်လယ်ဟာ ငါ့ရဲ့
ပြောင်းပြန် ပြန်မသွားမယ့်
ရွက်လွှင့်ခြင်း ။

နှလုံးမြေကို ပျိုးမယ့်
ခက်ရင်းခွအတွက်
ငါ့ နံရိုးတစ်ချောင်းကို
ဘဝအဆက်ဆက်အတွက် ရည်စူး
မေတ္တာ တရားတွေ နဲ့ ထုံကူးထားရဲ့ ။

အမျိုးအစားကောင်း မီးခြစ်တစ်လုံးလို
တစ်ချက်ခြစ် တစ်ချက်တောက်
ငါ့ သက်ဝင်ခြင်းတွေ
လူသိရှင်ကြား ထွန်းညှိဖို့ဆိုတာ
နင့်နှုတ်ခမ်းလေး တစ်လှုပ်စာတင် ။

မနေနိုင်မထိုင်နိုင်
ပွင့်ချင် အံချင်နေတဲ့
ငါ့ လိပ်ပြာ အတွက်
နင့်ဆီ ရေးလိုက်တဲ့ ဒီစာ
နင်ဘာနဲ့ဖတ်မလဲ ဆိုတာကိုပဲ
ငါက ရင်ခုန်နေရုံ ။

အိုင်လွယ်ပန်
“ဗလာ” ရှင်းတမ်း
10:59 PM | Author: အိုင်လွယ်ပန်
ဒီ “ဗလာ” ရဲ့ ဇာတ်လမ်းက ကျွန်တော် နှစ်သက်တဲ့ ကဗျာနှစ်ပုဒ်ရဲ့ ဇာတ်လမ်းက စ ပါတယ် ။
တစ်ပုဒ်က ဟန်နီ ရဲ့ “နောက်သလိုဖြစ်နေပြီ” ပါ ။နောက် တစ်ပုဒ်က သူငယ်ချင်း သားလွင်ရဲ့
“ အသေအချာသိနိုင်ဖို့လိုတယ်” ပါ ။အဲနှစ်ပုဒ် မှာ ကျွန်တော်နှစ်သက်တဲ့ စာသား နှစ်ပိုဒ်ဆီရှိ ပါတယ် ။
အဲဒီနှစ်ပိုဒ်ကို ဖတ်တိုင်း ကဗျာရေးချင်စိတ် ပေါ်ပေါ်လာပါတယ် ။
အဲဒီတော့ ရေးမိပါတယ် ။ မူလရေးထားတာက ဒီလိုပါ ။

“ ဗလာ ”

ဖြစ်မလာခြင်းတွေ ရင့်မှည့်တဲ့အခါ
ဘာကိုရိပ်သိမ်းကြမှာလဲ ။
(ဟန်နီ)

လာမလား လာမလားစောင့်နေပြီဆို
မျှော်လင့်ချက်ဆိုတာလည်း
မျှော်လင့်ချက်အလျှောက် ။
(သားလွင်)

စိတ်ကူးတွေ ခြွေခြွေချ နေရတာကိုက
စိတ်ကူးနဲ့တင် မောမယ် ။

ဒီအတိုင်းပဲ
ထားခဲ့လိုက်စို့ရယ် ။

အိုင်လွယ်ပန်

ဖြစ်ချင်တော့ ဘယ်က ဘယ်လိုဖြစ်တယ်မသိ ကျွန်တော် Microsoft word ကနေ Blog ကို copy paste လုပ်တော့
အကြမ်းရေး ထားတာ ကို သွားလုပ်မိပါတယ် ။ အကြမ်းရေးထားတာက အောက်မှာ ရေးထားတဲ့အတိုင်းပါ ။

“ဗလာ”

ဖြစ်မလာခြင်းတွေ ရင့်မှည့်တဲ့အခါ
ဘာကိုရိပ်သိမ်းကြဦးမှာလဲ ။

စိတ်ကူးတွေ ခြွေခြွေချ နေရတာကိုက
စိတ်ကူးနဲ့တင် မောမယ် ။

ဒီအတိုင်းပဲ
ထားခဲ့လိုက်စို့ရယ် ။

အိုင်လွယ်ပန်

ဟန်နီဆိုတဲ့ ရေးသူနာမည်မပါလာပါဘူး။ သားလွင်ရေးတဲ့ အပိုဒ်မပါလာပါဘူး ။
အိပ်ချင် ဇောနဲ့ Publish တန်းလုပ် ၊ ပြန်တောင် မစစ်အားပဲ မနက် အလုပ်သွားရမယ့်အရေးမှာ ကျွန်တော့် ပေါ့ ဆ မှု
သက်သက်ပါ ။မနက် နိုးတော့ အလုပ်သွားခါနီးဖွင့်ကြည့်တော့မှ ကျွန်တော် ဆံပင်ထောင်သွားပါတယ် ။အဓိက ကတော့
ဟန်နီ့ စာသား ဟန်နီ့ နာမည်တပ်မထားပဲ ယူသုံး သလို ဖြစ်နေတာပါပဲ ။ Comment တွေလည်းတက်နေပါတယ်။
CboX မှာ စာတစ်စောင်လည်း အသင့်ကြိုနေပါတယ် ။
ဆိုတော့ကာ အလုပ်ချိန်လည်းနီး ဘာမှ လုပ်မရတဲ့ အခြေအနေပါ ။အဲဒီတော့ Cbox မှာ တောင်းပန်စာ အမြန်ရေး
အလုပ်ကို ပြေးရလေ သတည်းပေါ့ ။အခု ပြန်ရောက်ရောက်ခြင်း ဒီတောင်းပန်စာ ကိုတင်ပါတယ်။
ကျိန်းသေတာကတော့ ကျွန်တော်နှစ်သက်တဲ့ စာသားတွေကို ပေါ့ပေါ့ ဆဆ ကိုင်တွယ်မိတဲ့ ကျွန်တော့်ရဲ့
အပြစ် သက်သက် သာဖြစ်ပါတယ်။မူရင်းကဗျာအတိုင်း အဖြစ်အပျက်က “နောက်သလိုဖြစ်နေပြီ” ပေါ့ ။
ဟန်နီ့ ရဲ့ မူရင်း “နောက်သလိုဖြစ်နေပြီ” ကဗျာ ကို ဖတ်ချင်ရင်တော့
http://thinkinghoney.blogspot.com/2008/12/blog-post_13.html မှာရှိပါတယ် ။
www.emayarblogspot.com ရဲ့ Side bar မှာလည်း လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက သူ ကြိုက်တယ် ဆိုပြီး
တင်ထားပါတယ် ။အဖြစ်အပျက်အားလုံး အတွက် ဒီပို့စ်နဲ့တောင်းပန်ပါကြောင်း ။

အိုင်လွယ်ပန်
ဗလာ
1:12 AM | Author: အိုင်လွယ်ပန်
ဖြစ်မလာခြင်းတွေ ရင့်မှည့်တဲ့အခါ
ဘာကိုရိပ်သိမ်းကြဦးမှာလဲ ။
(ဟန်နီ)

စိတ်ကူးတွေ ခြွေခြွေချ နေရတာကိုက
စိတ်ကူးနဲ့တင် မောမယ် ။

ဒီအတိုင်းပဲ
ထားခဲ့လိုက်စို့ရယ် ။

အိုင်လွယ်ပန်
ဥာဉ့်ငှက် (၃)
11:14 PM | Author: အိုင်လွယ်ပန်
ရှင်သန်နေရမယ့်
အစာအိမ်ဟောင်းလောင်းတွေအတွက်
ကိုယ်ကျင့်တရား အသေတစ်ရံကို
ပန်းဖူးအတုတွေနဲ့ မံ
ဖိနပ်လိုချခင်း နင်းပစ်ခဲ့ပေါ့ ။

ရေခံဖို့ ရွာပေးရမယ့်မိုးအတွက်
ကိုယ့်ကိုယ်ကို ပျိုးပြီးမှဆင်ရတဲ့တိမ်
လာလမ်းကို သမင်လည်ပြန်ခွင့်
ယောင်ယောင်လေးတောင် မရခဲ့ရှာဘူး ။

သူလိုအပ်တာနဲ့
ငါလိုအပ်တာကြား
ဇာတ်လမ်းတစ်ပုဒ်က သူလိုငါလို
ရော့ ပတ္တမြားဆို
ကဲ … ရော့နဂါး ။

ဖြေလျော့သွားတဲ့
အရာတွေထဲ
ပေါ်ထွက်လာခဲ့ လက်နှစ်ဖက်
တန်ကြေးတပ် စက္ကူတွေ ဆုပ်ကိုင်လျှက်
ည ….
အဆုံးထိ နက်ခဲ့ရပုံ ။။။

အိုင်လွယ်ပန်
အနာများ
11:32 PM | Author: အိုင်လွယ်ပန်
အနာ (၁)

ကွဲသံ အက်သံတွေ
မြင်နေရတယ် ။

နားတွေမှာ
နားထောင်တတ်တဲ့နားတွေထပ်ရှိသေးရင်
ဒီလိုပဲစာရင်းပိတ်လိုက်ပါတော့ ။

အဆင်မပြေမှုမှာ
ဘာအကြောင်းနဲ့မှ
အသံထက်မြန်နေစရာမလို ။။

အနာ (၂)

လှုပ်လှုပ်ရှားရှား
သွားသွားလာလာနဲ့ပါပဲ
ကြာလာတော့လည်း
သူ့အိုးနဲ့သူ့ဆန်
သူ့အံနဲ့သူ နေသားကိုကျလို့ ။

ရင်ရဲ့ အစနေရာမှာပဲ
အပြီးသတ်ထိ
တိုးတိုး တိတ်တိတ် မြုံသွားခဲ့ပုံ ။။

အနာ (၃)

မြို့ပြ ရဲ့ လရောင်က
လမ်းမတွေပေါ်ကို ယိုဖိတ်
ဖွင့်ပိတ်နေတဲ့တွေကြယ်ရောင်တွေ
နိမိတ်ဖတ်ယူမရအောင်ရှုပ်ထွေးတဲ့ည
သွေးအေးအေးနဲ့ပဲ
ဒီဆောင်းက ရိုးတံတွေဖျောက်ပစ်ခဲ့ ။

ကွယ်ဝှက်ခြင်းရဲ့နောက်မှာ
ဘာတွေများ စွင့်ကားဖူးပွင့်လာမလဲ
မေးခွန်းတစ်ခုနဲ့
အမေ့ ရဲ့မေတ္တာကြိုးတစ်ချောင်းကို ဓါးသွားပေါ်ပစ်တင်ခဲ့တဲ့
ဟောဒီ လက်နှစ်ဖက်
ဘာကိုပဲစိုက်ပျိုးစိုက်ပျိုး မဖြစ်ထွန်းတော့ဘူး
ဘာကိုပဲအုပ်မိုးပေး အုပ်မိုးပေး အရိပ်မထင်တော့ဘူး
(အခုကျမှ)
နွေးထွေးချင်လိုက်တာ မေမေရယ် ။

နာရီ မိနစ် စက္ကန့် ………….
ကျွန်တော်မီးတွေကို မှိတ်ပစ်လိုက်တယ်
ကျွန်တော်က အမှောင်နက်နက်ထဲမှာ ။။

အနာ (၄)

လိုအပ်မယ်ဆို
ဘဝဆက်တိုင်း
ကြွင်းကျန်ရစ်စေတော့လေ ။

နှလုံးသားက
မြှားတစ်စင်းရဲ့ဝိသေသကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မြှင့်တင်သွားခဲ့ ။

တစ်ခါတစ်ရံ
နူးညံ့သိမ်မွေ့စွာတိုးဝင်လာမှုဟာ
သိပ်ကို ကြမ်းရှတယ် ။။

အနာ (၅)

အလွမ်းတွေလေ
ခြွေခြွေချနေတာတောင်
ဖူးလို့ပွင့်လို့ကောင်းနေတုန်း ။

ခေါ်စရာမလိုပဲ
ကိုင်းလုံးကျွတ်လာရောက်ကွေးကျ
အိပ်မက်မှိန်မှိန်လေး
ဝေးသွားတယ် ။

မျှော်လင့်ထားတိုင်း
ဖြစ်မလာနိုင်တာသိတယ်
ဒါပေမယ့်
မျှော်လင့်ချက်တွေဖြစ်မလာနိုင်ဘူးလို့တော့
မမျှော်လင့်ချင်ရိုးအမှန် ။။

အိုင်လွယ်ပန်
(ရေးခဲ့ ဖူးတဲ့ အနာဟောင်း တွေ ကို ပြန်စုစည်းလိုက်တာပါ )
ပုံပြောပြခြင်း
12:12 AM | Author: အိုင်လွယ်ပန်
ပြောပြဆိုလို့
ပြောခဲ့မိပေါ့ ။

တစ်ကိုယ်ရေ တစ်ကာယ
မျှော်လင့်ချက်တွေကို
ထမ်းထမ်းတင်
တစ်ရွေ့ ရ တစ်ရွေ့
တစ်ကွေ့ ပြီး တစ်ကွေ့
ရွှေ့… ခဲ့… တယ် ။

ပြန်အမ်း လို့ရခဲ့တဲ့
အတိုအစ ရလဒ်တွေအတွက်
နှလုံးသားဟာ
ပွန်းရာပဲ့ရာ တွေနဲ့မှ
တကယ့်ကို
နေသားတစ်ကျ ။

ဒါဟာ
ပြဇာတ် မဟုတ်ပါ
စစ်ပွဲ မဟုတ်ပါ
ကောက်ရိုးမီး မဟုတ်ပါ
စိတ် နဲ့ တစ်သားထဲ ထပ်တူကျ
ရင်ထဲက အဖြူထည်သက်သက်
ရူးသွပ်ရုံရယ်ပါ
ကဗျာ ။

အနားနားကြည့်လိုက်တော့
နားထောင်သူ တစ်ယောက်မှ မရှိတော့ဘူး ။။။

အိုင်လွယ်ပန်
ညစ်တွန်း
10:37 PM | Author: အိုင်လွယ်ပန်
ငါ ဖြတ်ကူးမယ်ဆိုတော့မှ
နီနီပြရမယ့် မီးပွိုင့်
ကျန်းမာရေးကို ဂရုစိုက်ပါ ။

ထိခိုက်ကြရမယ် ဆိုတော့ကာမှ
ရှရာနည်းစေဖို့ သက်သက်အတွက်
အဆောင်တွေ လက်ဖွဲ့တွေလည်း
အားမကိုးချင် ။

လူ သန်းပေါင်းများစွာ
စကား သန်းပေါင်းများစွာ
မိုးလင်းက မိုးချုပ်
မိုးချုပ်က မိုးလင်း
ပျော်သလို ပျင်းပြီး
ပျင်းသလိုသာ ပျော်ခဲ့ကြ ။

ကမ္ဘာကြီးကို ချစ်တတ်ဖို့
ငါတို့တွေ
(ကိုယ့်ကိုယ်ကို) အရင်
သေချာစွာ ချစ်ကြည့်ရအောင် ။

မနက်ခင်းလည်း
မနက်ခင်းအလျှောက်
အဆင်ပြေစွာ နိုးထလာပြီ ဆိုတဲ့နောက်တော့
ငါ့ကို မနှိုးကြနဲ့တော့ပေါ့ကွယ် ။။။

အိုင်လွယ်ပန်
ဒီကောင်နဲ့ မထင်မှတ်ပဲ အွန်လိုင်းမှာပြန်ဆုံရတော့ကျွန်တော်တော်တော်အံ့သြသွားတယ် …
ကြာပြီလို့လဲ ပြောလို့ရတယ်…မကြာသေးဘူး လို့လဲ ပြောလို့ရတယ် … လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကပါ ….
ကျွန်တော်နိုင်ငံတစ်ခုမှာ အလုပ်သွားလုပ်ရင်းဆုံခဲ့ကြတာ … တွေ့ချိန်က တိုတောင်းပေမယ့် ကဗျာရူး
ကျွန်တော်နဲ့ ကျွန်တော့်လိုပဲကဗျာရူး ဒီကောင်နဲ့ တွေ့တွေ့ခြင်း ခင်မင်မှုက ငယ်ပေါင်းကြီးဖော်တွေပမာ …
ဖြစ်ချင်တော့ ကျွန်တော်ညစ်နေတဲ့အချိန် စိတ်တွေလေလွင့်နေတဲ့ အဲဒီအချိန်မှာ ဒီကောင်ကပါကိုယ်နဲ့
လိုင်းတူ …. အဲဒီတုန်းက မူးဖော်မူးဖက် ရူးဖော်ရူးဖက်ပေါ့ဗျာ …. အဲဒီအခိုက်အတန့်မှာပဲ
ဒီကောင့်ဘဝမှာ အကြီးမားဆုံးရှုံးမှုလို့ပြောလို့ရတဲ့ ကိစ္စတစ်ခုပေါ်လာပါတယ် … နဂိုကတည်းက
ခပ်နဲ့နဲ့ရယ် နဲ့ အဲသလိုလဲဖြစ်ရော ဘာပြောကောင်းမလဲဗျာ ဘဝကြီးက စုတ်ပြတ်သတ်တော့တာပေါ့ ….
အဲသမှာတင် ဒီကောင့်ကိုကြည့်ပြီး ကိုယ်ပါ လေ … ကိုယ် လေ နေတာကြည့်ပြီး တစ်ခါ ဒီကောင်က
တိုးတိုးပြီး လေ …တကယ့်ကို နှစ်ယောက်ပေါင်း ဝေလေလေပေါ့ ….အဲဒီအချိန်တုန်းက လောက ဆိုတာမှာ
နေစရာမကောင်းတော့လောက်အောင် နေစရာနေရာ မကျန်တော့လောက်အောင်ဖြစ်နေတဲ့ ဒီကောင့်ကို
ကြည့်ပြီး ဟိုမရောက်ဒီမရောက် စာတစ်ပုဒ် ရေးဖြစ်ပါတယ် … ကျွန်တော် ဘလော့ဂ် စရေးစကလည်း
အဲဒီ စာ တင်ခဲ့ဖူးပါတယ် … အဲဒီတုန်းက ဒီကောင့်ကို ကြည့်ပြီး ကျွန်တော်ပါ
စိတ်အလေကြီးလေခဲ့ ဖူးတယ်ဆိုပါတော့ ….အတိုချုံးပြောရရင် အဲဒီနောက်တော့ ကျွန်တော် နဲ့ ဒီကောင်
အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာ သွားခဲ့ပါတယ် … နောက် အခုလက်ရှိ ကျွန်တော်အလုပ်လုပ်နေတဲ့နိုင်ငံ
ကို ကျွန်တော်ပြောင်းရွှေ့ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှတ်မှတ်ရရ အွန်လိုင်းမှာ ဒီကောင်နဲ့
တစ်ခါပဲထပ်တွေ့ ခဲ့ပါတယ် ….ပြီးတော့ ဒီကောင်လည်း လိုင်းမတက်ဖြစ်တော့ တာနဲ့ ဒီကောင့် အကောင့်
လိပ်စာသာ ကျွန်တော့် မေးလ် မှာ ထီးထီးကျန်ခဲ့ပါတယ် … အခုတော့ ဒီကောင်နဲ့ကျွန်တော် မထင်မှတ်ပဲ
အွန်လိုင်းမှာပြန်တွေ့တယ် … အဓိကပြောချင်တာက တစ်ချိန်တုန်းက စုတ်ပြတ်လုလုဖြစ်နေတဲ့ ဒီကောင့်
ဘဝက အခုတော့ အရင်က သူမဟုတ်တော့တဲ့အတိုင်း …. ဘဝကြီးဟာ ဒီကောင့်အတွက် အခုတော့
စိုပြည်လို့ … (ဒီ ဖွ တဲ့ စာသာ အခုဒီကောင်တွေ့ အခု ချက်ချင်း ကျွန်တော်ရှိတဲ့နေရာ လိုက်လာပြီး
ဆဲ မလားပဲ :) ) … ဆိုတော့ကာ ဘာပဲပြောပြော ကျွန်တော် အခုလို သူ့ဘဝ အဆင်ပြေ နေတာမြင်
ရတွေ့ရတော့ ကျွန်တော် ဝမ်းမြောက်မိတယ် …အမှတ်တရ အနေနဲ့ ရေးထားတဲ့ စာပိုဒ်လေးကို လည်းပြန်
တင်လိုက်ပါတယ် …တစ်ချိန်တုန်းက ဝမ်းနည်းမှုအထိမ်းအမှတ် … အခု ဝမ်းသာမှုအထိမ်းအမှတ်ပေါ့ ….
(P>S … ကလေးတစ်ယောက်နဲ့ အခုတော့ သာယာနေပြီဆိုတဲ့ကောင်! မနေနိုင်မထိုင်နိုင် မင်းလာဖတ်မိရင်
လည်း ငါတို့ ပြောခဲ့ဘူးသလို “အပျော်ပေါ့ ” :) )


“ရောင်နီမလာခဲ့သော ကောင်းကင်ယံများ ”


ချေးညှော်အထပ်ထပ်နဲ့
ရွေးချယ်ခွင့်မရှိတဲ့ဖြစ်တည်မှု
တစ်နေ့ထက်တစ်နေ့ပေါ့
ဘဝတွေပါးလျလာခဲ့ ........

“ဒီဘဝကို စရောက်လာကတည်းကကျွန်တော့်တို့မှာ ရွေးချယ်ပိုင်ခွင့်ဆိုတာပါမလာခဲ့ဘူး ………………
အစကတော့ တကယ့်ကိုဟုတ်မလိုလိုပါပဲ …………
သူတို့တွေ ရွေးချယ်ပေးခဲ့တဲ့ ကျွန်တော့်တို့ရဲ့လမ်းက အဆောင်အယောင်တွေ တလက်လက်နဲ့…………..
ကျွန်တော့်တို့ကို လှပေ့ပပေ့ဆိုတဲ့ အရောင်တွေ ချယ်ပေးကြတယ်……………..
အရမ်းကိုကောင်းမွန်လှပတဲ့ နန်းတော်တစ်ခုထဲမှာ ကျွန်တော့်တို့ဘဝကိုပိတ်လှောင်
ကောင်းမွန်လှပတဲ့ တန်ကြေးတစ်ခုကို တံဆိပ်ခပ်ပြီး ကျွန်တော်တို့ကို အဆင့်မြင့်မြင့်ထားခဲ့ကြတယ်လေ…
အခုတော့ဗျာ”……………………………
…………………………………
…………………………………………………

ကလေးများပြောသောစကားအဆုံးတွင် သူစဉ်းစားမိသည်……………………….
သူဒီကလေးများထက်အရင် ဒီနေရာကိုရောက်ခဲ့ပါသည်………….
သူ့ဘဝသည်လည်း ဒီကလေးများထက်အရင် စုတ်ပြတ်ပါးလျခဲ့ရင်း နောက်ဆုံးအချိန်တစ်ခုကို
သူစောင့်စားနေရသည်…………..သူဒီကလေးများကို နှစ်သိမ့်မှုတစ်ခုခုပေးချင်ပါသည်…………….
သို့သော် နှစ်သိမ့်မှုသည် နှစ်သိမ့်မှုသက်သက်မှလွဲပြီး ဘာမှဖြစ်မလာနိုင်သည်ကိုလည်း
သူသိနေသည်………..သူ့အာခေါင်တွေခြောက်ကပ်နေသည်……………

“ရွေးချယ်ခွင့်မရှိတော့ဘူးဆိုရင်လည်း ထားပါဗျာ……ရောက်နေတဲ့ဘဝမှာ ပျော်သလိုနေဖို့
ကျွန်တော်တို့ကြိုးစားပါတယ်…….ဒါပေမယ့်ဗျာ
ကျွန်တော်တို့တွေကတော့ သူတို့တွေကို အခိုက်အတန့်လေးပဲဖြစ်ဖြစ် မွှေးမြစေဖို့
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေကို အစွမ်းကုန်ပါးလျ ပွင့်အာပေးပါတယ်………
သူတို့ကတော့ ကျွန်တော်တို့ကို ရှိတယ်လို့တောင် သဘောမထားပဲ ရှိရှိသမျှ
သူတို့ရဲ့ အညစ်အကြေးတွေကို ကျွန်တော်တို့ရဲ့ ခေါင်းပေါ်ပုံချကြတယ်…….
ပြီးရင်သူတို့ ဘာမှမလုပ်ခဲ့တဲ့ မျက်နှာပေးတွေနဲ့လေ” …………………..

သူ ကလေးများအားကြည့်ပြီး ရင်ထဲတွင် စကားလုံးများဖြင့်ပြည့်လျှံနေပါသည်…………..
သို့သော် ပြင်ပတွင်မည့်သည့်စကားလုံးမျှ လျှံမကျလာနိုင်အောင် သူ့ရင်ဘတ်များ
တင်းပြည့် ကြပ်ခဲနေသည်…………….သူတို့ကဲ့သို့ ဘဝတွေမည်မျှ ပါးလျခဲ့ပြီလဲ……
သူမသိပါ……သူကိုယ်တိုင်လဲ သူ့ဘဝကို သူမုန်းနေပါသည်…………….
ထိုစဉ်မှာပဲ သူ့ခေါင်းပေါ်သို့ အညစ်အကြေးများကျလာပြီး သူ့ဘဝမှာ
ပါးလျမှောင်မိုက် သွားခဲ့ပြန်သည်……………………………

ထိုသို့ဖြင့် အိမ်သာထဲမှ “ပရုပ်ခဲ” လေးများ၏စကားသံများ ခဏတာတိတ်ဆိတ်သွားခဲ့သည်………။။။

အိုင်လွယ်ပန်

(P>S အသစ်ရေးရန် ပျင်းနေပါသဖြင့် ဆားချက် ခြင်းလည်း ဖြစ်ပါသည် :) )
မနေ့က နဲ့ မနက်ဖြန်ကြား
ကျန်ခဲ့တဲ့ ပုံပြင်ဟောင်းတွေ
ဖြစ်လာမယ့် ပုံပြင်သစ်တွေက တဖျပ်ဖျပ်ခါ
လက်ရှိ ဖြစ်တည်မှု
တစ်နေရာစာလေး ကိုပြန်ရှာနေမိရဲ့ …….

တောင့်တမှုတွေအောက်
ပျောက်ကွယ်သွားတဲ့ လ အစင်းစင်းဟာ
ဒိုင်ယာရီတစ်ခုစာ ရစ်ခြုံ သိုင်းဖက် လို့
ကွာဟမှု ပုံရိပ်များကြား
စိတ်အနည်ထိုင်မှုတို့ အားနည်းနေ ……………….

ဒါ နဲ့ ဒါပေါင်း
ကျိန်းသေ ဒါ ဖြစ်ပါသလားတဲ့
မေးသင့်သလား ဒီမေးခွန်း
အသေအချာကို
ထပ်မှားပြန်တယ် …………………………

ခပ်ညက်ညက် ဝါးပြီးတာတောင်
မြိုချလို့ မရသေးတဲ့
သဘာဝတရားနဲ့ အံဝင်ဂွင်ကျမှုတွေဟာ
ဆံဖြူတွေလို ကြွေကြွေကျတာ
များ …. ပြီ …………………

နှလုံးအိမ်အတွင်းက
မျှားချက် ဒဏ်ရာတွေ ဘဝကူးကောင်းစေဖို့
ဘယ်နေရာမှာ
ဘာကိုအလိုက်ပေးပြီး
အလဲအထပ် လုပ်ရမလဲ ………………

ကမ္ဘာပေါ်မှာ စမ်းရေ မလိုပဲ
ပန်းတွေ လန်းခဲ့ကြပေါ့တဲ့
အဲသလိုကို
ငါ့ အိပ်မက်လေး က
ရှက် စ ဖွယ် …………………….။။။

အိုင်လွယ်ပန်
ကြိုးပြတ်တဲ့စွန်
12:53 AM | Author: အိုင်လွယ်ပန်
ခေါင်းလောင်းသံတွေ
ဆိတ်သုဉ်းသွားတဲ့နေ့
သေချာပြီလား လို့
ကိုယ့်နှလုံသားကိုကိုယ်
ဖုန်းခေါ်လိုက်မိ…………..

အစိမ်းရောင်မီးလေး
ဖျတ်ကနဲလင်းတဲ့နောက်
မရေရာခြင်း အတွေးခါးခါးတွေကိုခွာချ
ပျင်းရင်ပြန်ကြည့်ဖို့
စနစ်တကျ ထုပ်သိမ်းလိုက်ရဲ့ ………………………

အဲသလို
မျှော်လင့်ခြင်းစက်လက်နဲ့ကောင်လေ
တံတိုင်းတွေကို
တစ်ချပ်ချင်း ရိုက်ချိုးချေဖျတ်
နှင်းဆီတောဆီ ရောက်လာခဲ့တော့
ရနံ့တွေက သွားနှင့်ပြီ …………….။။။

အိုင်လွယ်ပန်
ကျပျောက်သွားတဲ့ စိတ်ကူးများ
12:13 AM | Author: အိုင်လွယ်ပန်
“အူဝဲ” လို့ စစ်ကြေညာကတည်းက
ဘောင်လွဲမှုတွေကို
သောက်သုံးခဲ့ရသလား မှတ်တယ်
အရာရာနဲ့ သဟဇာတပျောက်ခဲ့ရ
အိပ်မက်တွေကို မီးညှိတော့
အနာဂတ်က မှုန်လိုက်ဝါးလိုက်နဲ့
သက္ကရာဇ်တွေကို ချေချေပစ်ရဲ့ ………

ဆဲရေး တိုင်းထွာသံတွေကြား
လုပ်သလိုမဖြစ်ခဲ့တဲ့နောက်
ဖြစ်သလိုလုပ်တော့လည်း
လုပ်သလိုမဖြစ်ပြန်ဘူး
အဲဒီတော့ သင်္ခါရလို့အမည်တပ်ရင်း
ဝလုံးတွေကိုသာ ပန်းချီဆွဲမိနေ …………..

လှမ်းနေတဲ့လက်
ကမ်းလာတဲ့လက်
အချိတ်အဆက်တွေ မမိတော့တဲ့အခါ
နာဖျားခြင်းမှာ သေကောင်ပေါင်းလဲ ..................

ရသလောက်မယူခဲ့လို့
ယူသလောက်မရတာ မဆန်းဘူးတဲ့
ငါ့ “အတ္တ” တွေဟာ
ငါ့ကို ကိုင်းပြန်ပြန်ကန်
အဲသမှာ
“ငါ” ဆိုတဲ့အစကနေ
“ငါ” ဆိုတဲ့အဆုံး
“ဘဝ” ဆိုတဲ့စကားလုံးနှစ်လုံး
ငါ ကောင်းကောင်း အလွတ်ရလိုက်ပေါ့ .....................။။။

အိုင်လွယ်ပန်